ဘားအံ ဇွန် ၁၅
ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ပါဝင်သော လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပသည့်အခါ အဓိကျသော တိကျမှန်ကန်သည့်မဲစာရင်းများ ရရှိစေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များဖွဲ့စည်း၍ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်မြေဒေသအခြေအနေအရ မပြီးပြတ်သေးသည့်လုပ်ငန်းများနှင့် စာရင်းဇယားများ စိစစ်ဖြည့်သွင်းဆောင်ရွက်ရန် ရပ်ကွက်/ကျေးရွာအချို့ ကျန်ရှိနေပြီး သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိမှသာ မဲပေးခွင့်ရမည်ဖြစ်သည့်အတွက် နိုင်ငံသားတိုင်း ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိစေရေး ပန်းခင်းစီမံချက်အဆင့်(၁)၊ (၂)တို့ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်မြေဒေသအခြေအနေအရ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရန်ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများကို နည်းလမ်းမျိုးစုံအသုံးပြု၍ အကြားအလပ်မရှိအောင် ဆက်လက် ကောက်ယူဆောင်ရွက်နိုင်ရေး တာဝန်ရှိသူအားလုံးပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က မတ်လ ၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃)ဆုံးဖြတ်ချက် (၁၅)ချက်အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်း တိုးတက်မှုအစီရင်ခံစာ၊ မြို့နယ်များအလိုက် မသန်စွမ်းကောက်ယူပြီးစီးမှုအခြေအနေ၊ မြို့နယ် များအလိုက် လုံခြုံရေးအရ မကောက်ယူနိုင်သော ရပ်ကွက်/ကျေးရွာအုပ်စု/ကျေးရွာများစာရင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အသက်(၁၈)နှစ်နှင့်အထက်လူဦးရေစာရင်းပေါင်းချုပ်၊ ယာယီနေထိုင်သူများမှ ဖြေရှင်း ရမည့်စာရင်း၊ ကရင်ပြည်နယ်၏ အချက်အလက်များနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ရန်ကျန်သည့်စာရင်းများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်က မဲစာရင်းမှန် ကန်ရေးဆိုင်ရာများ ဆွေးနွေးတင်ပြကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်တစ်အိမ်တက်ဆင်းစာရင်း ကောက်ယူခြင်း တိုးတက်မှုအခြေအနေ၊ ကောက်ယူရန်ကျန်သောအခြေ အနေများကို ဆွေးနွေးတင်ပြကြသည်။
ထိုသို့တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)