ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ထားဝယ်  ဇွန် ၁၅

(၂၀၂၃)ခုနှစ် ဇွန်(၁၄)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာန အပေါ်ထပ်တွင် ယမန်နေ့နံနက်ပိုင်းက စုပေါင်း သွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။

စုပေါင်းသွေးလှူဒါန်းရာတွင် (Best  Friends ၊  ပီတိအပြုံး၊ ရင်ခုန်သံ၊ မုဒိတာ) စသည့်သွေးလှူရှင်များအဖွဲ့နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ထမ်းများ စုစုပေါင်း(၃၉)ဦးတို့က ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြသည့် ဝေဒနာရှင်များမှ သွေးလိုအပ်သည့်အခါ အဆင်ပြေစွာဖြင့် သွေးသွင်းကုသနိုင်ရန်အတွက် သွေးလှူဘဏ်သို့ စုပေါင်းလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းနေမှုအား ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာဆွေဆွေအောင်၊ သွေးလှူဘဏ်တာဝန်ခံ ဒေါက်တာစန်းစန်းဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)