ကြံခင်း အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် အုပ္ပုံလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test kitဖြင့် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးပေးခြင်းကို ယမန်နေ့ကစပြီး အုပ္ပုံ(အ-မ-က)ကျောင်းတွင် ကြံခင်းမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းသည် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အောက်တိုဘာ(၇)ရက်က ထုတ်ပြန်သည့် ကြေညာချက်အရ ကြံခင်းမြို့နယ် ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနက ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား (Rapid Diagnastic Test Kit)များဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးမည်ဖြစ်ကြောင်း၊ အစစ်ဆေးခံရသူများက ကုန်ကျငွေ(၂၀၀၀၀) ကျပ်အား ပေးသွင်းရမည် ဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိပါက သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် ဆေးကုသမှုခံရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပုသိမ်-မုံရွာကားလမ်း အုပ္ပုံလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်သည် ဧရာဝတီတိုင်းဒေသကြီး၏ မြောက်ဘက် ဝင်ပေါက်ဖြစ်ပြီး တခြားတိုင်းနှင့် ပြည်နယ်များဖြင့်လည်း ဆက်စပ်လျက်ရှိရာ ကုန်သွယ်ယာဉ် များပြားသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင် ဦးဆောင်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိဝန်ထမ်းများက ကုန်တင်ယာဉ်များအား စစ်ဆေးခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင ဦးဆောင်သော မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ များက ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက် ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)