ကလိန်အောင်မြို့တွင် မြေအောက်ရေဖြင့် သခွားသီးစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် မိသားစုဝင်ငွေရရှိ

ကလိန်အောင် ‌ဇွန်  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မြေအောက်ရေဖြင့် သခွားသီးကို စီးပွားဖြစ်စိုက်ပျိုးသူများအ‌နေဖြင့် ယခုနှစ်မိုးရာသီတွင် ရာသီဥတုအခြေအနေအရ အသီးထွက် နှုန်းကောင်းပြီးဈေးကောင်းရရှိ၍ မိသားစုဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သခွာသီးကို စီးပွားဖြစ်စိုက်ပျိုးရာတွင် မိုးရာသီအစ နယုန်လတွင် သခွားစေ့များကို မြေကြီးတွင် ဘောင်ထောင့်၍ အစေ့ချစိုက်ပျိုးရသည်။ရက်ပေါင်း၂၀ခန့်အကြာ၌ အညွန့်များထွက်လာလျှင်တိုင်ထောင်ပေးခြင်း၊ စဉ့်ထိုးပေးရကြောင်းသခွာပင်အပွင့် ပွင့်ချိန်တွင် အားတိုးဆေးဖျန်း ပေးပြီးအသီးသီးချိန်တွင် ပိုးမကျစေရန်အတွက် ပိုးသတ်ဆေးဖျန်းပေးရကြောင်း စိုက်ပြီး တစ်လ ကြာလျှင် သခွာသီးအကင်းလေးများထွက်လာပြီးရက်ပေါင်း ၄၅ ရက်ကြာပါက သခွားသီးများ လှိုင်လှိုင်ထွက်ကာ ခူးဆွတ်ရောင်းချရကြောင်း တောင်သူဦးမျိုးအောင်ကပြောသည်။

သခွားသီးကိုတစ်ရက်ခြားတစ်ကြိမ်ခူးရပြီး တစ်ကြိမ်ခူးလျှင် လုံး(၃၀၀)လောက်ရရှိ‌ပြီး အကြီးတစ်လုံး(၅၀၀)ကျပ်၊ အငယ်တစ်လုံး (၃၀၀)ကျပ်ဖြင့် ဖောက်သည်လာယူကာရောင်းချရသော ကြောင့် မိသားစု အပိုဝင်ငွေရရှိလျက်ရှိသည်။သခွားသီးသည် ထမင်းဝိုင်း၌ တို့စရားအဖြစ် လည်းကောင်း၊ အသုပ်အဖြစ်လည်း‌ကောင်းစားသုံးကြပြီး လူ၏ခန္ဓာကိုယ်အတွက် ရေဓာတ် ဖြည့်ပေးကာ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ကာ လူတိုင်းကြိုက်နှစ်သက်၍ ဈေးကွက် အတွင်းရောင်းချရလည်း လွယ်ကူသော အသီးနှံဖြစ်ကာစီးပွားဖြစ်စိုက်ပျိုးလာသူများရှိပြီး မိသားစု ဝင်ငွေတိုးပွားလျက်ရှိကြောင်းသိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)