ဒီးမော့ဆိုမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုံခြုံရေး ဆိုင်ရာကိစ္စရပ် များ ညှိနှိုင်းဆွေးနွေး

ဒီးမော့ဆို အောက်တိုဘာ ၉


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့် လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က ဒီးမော့ဆို မြို့နယ်တွင် မဲရုံ ၆၄ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရန် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အချင်းချင်း သတင်း ဖလှယ်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုံခြုံရေးဆိုင်ရာနှင့် ပတ်သက်၍ ပြည်သူလူထုများ သိရှိလိုက်နာအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များကိုလည်း သီးခြား သတ်မှတ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆန္ဒမဲပေးနိုင်ရေး မဲဆန္ဒရှင်ပြည်သူ များအား ကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်း၊ သတ်မှတ်အကွာအဝေးတွင် နေထိုင်စေခြင်းများကို စီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန်းက လုံခြုံရေးအစီအမံများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ က မေးမြန်းချက်အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဒီးမော့ဆိုမြို့နယ် အတွင်း နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၃၃ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယ အကြိမ် ထုတ်ပြန်သော မဲဆန္ဒရှင်းစာရင်းတွင် ဆန္ဒမဲပေး ပိုင်းခွင့်ရှိသူ ၅၆၆၉၀ ဦးရှိကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)