ပလောက်မြို့၌ ကော်ဖီပျိုးပင်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားပြုလုပ်

ပလောက်  ဇွန်  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကိုယမန်နေ့နံနက်(၉)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာ ရတနာခန်းမ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပလောက်မြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးသက်လွင်မှကော်ဖီစိုက်ဧကလျာထားချက်ပြည့်မီစေရေးဆွေးနွေးပေးခြင်း၊ မြို့အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဌာနခွဲစာရေးဒေါ်သန်းသန်းဦးမှ ကော်ဖီစိုက် ခြံများတိုးတက်လာစေရန်စည်းရုံးဆွေးနွေးခြင်းနှင့် ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းမှကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်များနှင့် ကော်ဖီစိုက်ပျိုးနည်းစနစ်များ၊ ဈေးကွက်ဖော်ဆောင်မှုများကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာကြသည့်တောင်သူ(၄၁)ဦးအား တာဝန်ရှိသူများက ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ခဲ့ရာတောင်သူများကိုယ်စား ဝါးကုန်းကျေးရွာမှ တောင်သူ ဒေါ်မိအေးရီက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်