ဒေးဒရဲ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အခြေခံစားသုံးကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် အခြေခံစားသုံးကုန်ပစ္စည်းများအား သတ်မှတ်သင့်တင့်မျှတသောစျေးနှုန်းများအတိုင်း ရောင်းချခြင်းနှင့် အေးခဲအသား၊ ငါးများရောင်းချမှုများအား လိုက်လံစောင့်ကြည့်စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ကဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသုံးကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်မှုမရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒေးဒရဲမြို့ မြို့မစျေးကြီးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသုံးကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ သားငါးများစသည့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် သတ်မှတ်ထားသော သင့်တင့်မျှတသော စျေးနှုန်းများအတိုင်းရောင်းချမှု ရှိ/မရှိနှင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် အဆမတန်စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးမှ သိရှိရသည်။
အေဇာလင်း