ဇီးကုန်းမြို့နယ်တွင် ငှက်ပျောပင် စွန့်ပစ်ပစ္စည်းမှ လူသုံးကုန်ပြုလုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

ဇီးကုန်း ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ငှက်ပျောပင်မှထုတ်လုပ်မည့် လူသုံးကုန်ပစ္စည်းပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုးက အမှာစကားပြောကြားပြီး၊  မြို့နယ်ဦးစီးမှူးဒေါ်နိုင်နိုင်ဝင်းက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်တို့ကိုရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းကပို့ချပေးခဲ့လိုက်သည့် အတတ်ပညာများဖြင့် မိသားစုဝင်ငွေရရှိအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကိုပြီးဆုံးအောင် တက်ရောက်၍ ကြိုးကြိုးစားစားသင်ယူကြသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းတက်ရောက်သူများအား သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းတွင်ပြုလုပ်ခဲ့သည့်  အမှတ်တရပစ္စည်းများအား ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဇီးကုန်းမြို့နယ်ရှိ ကျေးရွာများမှ သင်တန်းသား (၂၀) ဦးသည် ဇွန်လ ၅ ရက်နေ့မှစတင်၍ တက်ရောက်ခဲ့ပြီး၊ ဦးထုပ်၊ ဖိနပ်၊ ဖျာ၊ လက်ဆွဲအိပ်၊ ဆွဲခြင်း၊ ဖုန်းအိတ်၊ လက်ကိုင်အိတ်၊ ယပ်တောင်၊ မီးပုံးပြုလုပ်နည်းများကို လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)