ကျုံပျော် အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့၌ သစ်ပင်လဲကျခြင်းနှင့် နေအိမ်အမိုးလန်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မြို့နယ်အတွင်း၌ နေရာကွက်၍ မိုးရွာသွန်းခြင်းနှင့် လေပြင်းများ တိုက်ခတ်ခဲ့ခြင်းတို့ကြောင့် ဖလံကုန်းအုပ်စု၊ အ.မ.က မှော်အိုင် ကျောင်းဝန်းအတွင်းရှိ စစ်ပင်လဲကျပြီး ကျောင်းပေါ်သို့ ပိမိသဖြင့် သွပ်မိုးများ၊ ဒိုင်းနှင့် မြှားတန်းများ ပျက်စီးမှုတို့ဖြစ်ပေါ်ခဲ့ပြီး အလားတူ မျက်နီကွင်းအုပ်စု၊ ကျောင်းစုကျေးရွာရှိ နေအိမ်တစ်လုံး အရှေ့ခြမ်း သွပ်မိုးများလွင့်ပျံပျက်စီးခြင်းနှင့် တလုတ်ကုန်းရွာရှိ ဦးချိုလွင်၏နေအိမ် သွပ်မိုးများ လွင့်ကျပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။
အဆိုပါပျက်စီးမှုများကို သက်ဆိုင်ရာကျေးရွာအုပ်စုရှိ တာဝန်ရှိသူများက ရှင်းလင်းခြင်းနှင့် ပြန်လည် ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)