ကော့သောင်း အောက်တိုဘာ ၉
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့် ချောင်းဝကျေးရွာ အခြေခံလူတန်းစားမိသားစုများအား ယမန်နေ့နံနက်ပိုင်းက အခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များကို အိမ်တိုင်ယာရောက် လိုက်လံ ထောက်ပံ့လျက် ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပရဟိတအဖွဲ့သည် ကော့သောင်းမြို့၏ မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်းပူးပေါင်း ကူညီမှုဖြင့် အခြေခံစားကုန်များကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံ လူတန်းစား မိသားစုများ ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း သိရသည်။
ထို့အပြင် ကျေးလက်နေပြည်သူများအား ပေါ့လျော့မှုမရှိ ကျန်းမာရေး အသိ၊ သတိဖြင့် နေထိုင်ကြရေး၊ အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် ကြခြင်းဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများအား ဆက်လက်ဝိုင်းဝန်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးကြရန် လိုက်လံနှိုးဆော် အသိပညာပေးကာ နှာခေါင်းစည်းများအား လူတစ်ဦးခြင်းစီသို့ ဝေငှလှူဒါန်းပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)