မအူပင် ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အင်တာနက်သုံးစွဲမှု၏ဆိုးကျိုးများအသိပညာပေး Talk Show ကို ဇွန်လ ၁၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ရှေ့ဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာထွေးက အင်တာနက်ပေါ်ပေါက်လာပြီးနောက် အင်တာနက်၏ကောင်းကျိုး၊ ဆိုးကျိုးများအားကမ္ဘာတစ်ဝှမ်းတွင်ပြော လျက်ရှိကြောင်း၊ အင်တာနက်၏ဆိုးကျိုးများအားကြည့်ပါက လိင်ကိစ္စသွေးဆောင်ကြမည့် လူယုတ်မာမုဆိုးများအတွက်အင်တာနက်မှ လမ်းကြောင်းဖွင့်ပေး သလိုမျိုး အန္တရာယ်ဖြစ်နေကြကြောင်း၊ အွန်လိုင်းဂိမ်းများ၏ ရိုက်ခတ်မှုများ ကလည်းမသေးလှကြောင်း၊ အပျင်းပြေကစားရာမှ မကစားရမနေနိုင်ဆေးစွဲသလို စွဲလန်းတတ်ကြောင်း၊ ဂိမ်းစွဲသူများသည် စားရန်၊ အိပ်ရန်ကိုပင်သတိမရတော့ဘဲ အလွန်အကျွံစွဲလမ်းသွားရင်းမှ ရောဂါဖြစ်ပြီး ကျောင်းနေအရွယ် ကျောင်းသားလေးများသည် ကျောင်းသင်ခန်းစာများ၊ အိမ်စာများလေ့လာကျက်မှတ်ရမည့်အချိန်များ ကိုပါမကျန်ဂိမ်းကစားဖို့သာအာရုံရောက်နေတတ်ကြကြောင်း၊ အင်တာနက်မှပြင်ပ မီဒီယာများသွေးထိုးလှုံ့ဆော်မှုများကြောင့် နစ်နာဆုံးရှုံးမှုများစွာဖြစ်ပေါ်လျက် ရှိကြောင်း၊ လူမှုရေးရာရှုံ့ချမှု၊ ခွဲခြားဆက်ဆံမှု၊ ရန်လိုမှု၊ အကြမ်းဖက်မှုများ၊ လှုံ့ဆော်မှုများသည် အမုန်းစကားကိုဖြစ်ပေါ်ပြီး ထိုမှတဆင့် နစ်နာဆုံးရှုံးမှုများစွာ လည်းဖြစ်ပေါ်လျက်ရှိကြောင်း၊ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်များတွင်လည်း သတင်းအမှားများအခြေအမြစ်မရှိတင်နေတာ၊ ရှယ်နေတာတွေ အများကြီး မြင်တွေ့နေရကြောင်းစသည့် အကြောင်းအရာအချက်အလက်များအား ဒေါ်ခင်ခင်ချောနှင့်အတူ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ အင်တာနက်သုံးစွဲမှု၏ဆိုးကျိုးများ အသိပညာပေး (Talk Show)အား အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ် ထားသည့် We Love Maubin Page တွင်လွှင့်တင်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)