ကသာ ဇွန် ၁၅
ကသာခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် ကသာခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကားပြောကြားရာ၌ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ကော်မတီ၏လုပ်ငန်းတာဝန် (၁၉) ချက်အနက် မိမိတို့ဌာနများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းသည် ပရဟိတဆန်သောလုပ်ငန်းဖြစ်ပြီး တစ်ဦးချင်းတစ်ယောက်ချင်းစီက လုပ်ဆောင်ရမယ့်တာဝန်တွေကို မလုပ်ဆောင်ခဲ့ကြ၍ ယနေ့ကမ္ဘာတစ်ဝှမ်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာပြဿနာတွေ ကြုံတွေ့နေရကြောင်း၊ မိမိတို့ကသာခရိုင်အနေဖြင့်မျှတတဲ့ရာသီဥတု၊ သင့်တင့်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုရှိတဲ့ ဒေသဖြစ်တဲ့အတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ဖို့လိုကြောင်း၊ ယခုအစည်းအဝေးမှ ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက်များချမှတ်၍ အကောင်အထည်ဖော်ကြရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှတာဝန်ခံအရာရှိ ဦးဟိန်းကိုဦးက လုပ်ငန်းများဆောင်ရွက်ထာရှိမှုနှင့် ဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအသီးသီးက ဝိုင်းဝန်းဆွေးနွေးကြသည့်အပေါ် အစည်းအဝေးကျင်းပရန် ကာလသတ်မှတ်ခြင်း၊ အသိပညာပေးဟောပြောခြင်းများကို သင်တန်းများ၊ ဌာနဆိုင်ရာများသို့ သွားရောက်ဟောပြောခြင်း၊ သန့်ရှင်း၍စိမ်းလန်းစိုပြေသော ကျောင်းဆုများယှဉ်ပြိုင်ရာတွင် ကသာခရိုင်အနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန် လိုအပ်သောသတ်မှတ်ချက်များဖြင့် ကျောင်းများရွေးချယ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်စေရန်နှင့် အစည်းအဝေးဆုံးဖြတ်ချက်များကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်နိုင်ရေး စသည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)