မြဝတီမြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ပညာပေးဆောင်ရွက်

မြဝတီ ဇွန် ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ  မော်တော်ယာဉ်နှင့်မော်တော် ဆိုင်ကယ် များအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ  ၄ နာရီက မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဘုရားကြီးကျောင်း ဘုန်းကြီးကျောင်းရှေ့တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၇၃)ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်လင်းဌေး ဦးစီးသော တပ်ဖွဲ့ဝင်များ၊ မြို့နယ်တရားသူကြီး ဦးဝေဇင်မန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး ဦးစီးသော ဝန်ထမ်းများ၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ဇေဝင်း၊ ခရိုင်ပို့ဆောင် ဆက်သွယ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထင်ကျော်၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယစီးမှူး ဦးကျော်မင်းသန်း၊  မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအထောက် အကူပြုဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ပညာပေးဆောင်ရွက်ခြင်း ဖြစ်သည်။

အဆိုပါ ပူးပေါင်းအဖွဲ့များဖြင့်  စစ်ဆေးခဲ့ရာ ယာဉ်မောင်းလိုင်စင်မပါသော မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဥ် မောင်းနှင်သူများ၊  ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ/နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း စည်းမျဉ်းစည်းကမ်း မလိုက်နာသူ မော်တော်ယာဉ်မောင်းနှင်သူနှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား အသိပညာပေးဟောပြောပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)