ဘိုကလေးမြို့နယ်တွင် စံပယ်ပန်းစိုက်သူများ ပုံမှန်ဝင်ငွေရရှိနေ

ဘိုကလေး ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၁၀)ရပ်ကွက်အတွင်းနှင့်  ကွင်းဝိုင်းကျေးရွာတို့တွင် ပန်းစိုက်ပျိုးရေးခြံများရှိသည့်အနက် ဆယ့်နှစ်လရာသီ တစ်နှစ်ပတ်လုံး ပွင့်သော စံပယ်ပန်းစိုက်ပျိုးသူများအနေဖြင့် ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။

စံပယ်ပန်းသည် နှစ်ရှည်ခံပန်းမျိုးဖြစ်ပြီးတစ်ကြိမ်စိုက်ပျိုးထားလျင် နှစ်ပေါင်းအတော်ကြာကြာ အပင်ရှင်သန်၍ အသစ်ထပ်မံစိုက်ပျိုးဖို့မလိုပဲ မြေဆွေး၊ မြေဩဇာ ကျွေးပေးရုံဖြင့် အဆင်ပြေ နိုင်ကြောင်း၊ တစ်နှစ်ပတ်လည်လုံးပွင့်သောပန်းဖြစ်၍ နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း ဘိုကလေးမြို့နယ်အတွင်းရှိ စံပယ်ခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။

စံပယ်ပန်းမှာ စိုက်ပျိုးရလွယ်ကူပြီး သဲဆန်သောမြေ၊ မြေစေး၊ မြေနက်များ၌ ဖြစ်ထွန်းကြောင်း၊ အသင့်အတင့်ငန်သောမြေနှင့် အသင့်အတင့်ချဉ်သောမြေတို့၌လည်း စိုက်ပျိုးနိုင်ကြောင်း၊ အပင်များကို ကိုင်းကူး၍ စိုက်ပျိုးခြင်း၊ အပင်ခြေမှပေါက်သောပင်ပွားကို အမြစ်နှင့်တကွ ခွဲစိတ်၍ စိုက်ပျိုးခြင်း၊ ကိုင်းကိုဖြတ်၍ စိုက်ပျိုးခြင်းစသော နည်းများဖြင့် စိုက်ပျိုးနိုင်ကြောင်း စံပယ်ခြံလုပ်သားကြီးများထံမှ သိရသည်။

ဈေးကွက်အနေဖြင့်လည်း ခူးယူထားသောပန်းများအား စံပယ်ခြံများအရောက် နေ့စဉ်လာရောက် ဝယ်ယူသော ပန်းသည်များရှိပြီး ပန်းရရှိမှု အနည်းအများအလိုက် နေ့စဉ် ငွေကျပ်(၁)သောင်းခွဲနှင့် အထက် ပုံမှန်ဝင်ငွေရရှိကြောင်း စံပယ်စိုက်ပျိုးသူများထံမှ သိရသည်။

မိုးစက်(ဘိုကလေး)