အင်္ဂပူ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချရှိ/မရှိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့၊အမှတ် (၁) ရပ်ကွက်၊ ချယ်ရီလမ်းရှိ မြို့မဈေးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများမှ မြို့မဈေးအတွင်း ရောင်းချနေသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဆန်၊ ဆီ၊ပဲ စသောအခြေခံစားသောက်ကုန်ပစ္စည်းများအား နိုင်ငံတော်မှချမှတ်ထားသောကုန်ဈေးနှုန်းထက် မြင့်မားစွာရောင်းချနေခြင်း ရှိ/မရှိကိုကြည့်ရှုစစ်ဆေးပြီး ဈေးရောင်း၊ဈေးဝယ်ကြသော ပြည်သူများအား ပလတ်စတစ်အိတ်သုံးစွဲမည့်အစား အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ စသည့် ပစ္စည်းများဖြင့် အစားထိုးသုံးစွဲကြရန်နှင့် ပလပ်စတစ်အိတ်ကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)