ပွင့်ဖြူ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား ဒေသခံ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး အသိပညာပေး ဟောပြောခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များ ပြုလုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများနှင့် မြို့တွင်း လူစည်ကားရာ လမ်းဆုံများတွင် စုရပ်ပြုလုပ်၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို မူယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်အတွက် ပညာပေးရှင်းလင်းဆွေးနွေးပြောကြားပြီး သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )