ထိုင်းနိုင်ငံအတွင်းလူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်လွှဲပြောင်းလက်ခံ ဆောင်ရွက်

မြဝတီ ဇွန် ၁၅

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာများတွင် လက်ခံစောင့်ရှောက်ထားသူများအနက် နိုင်ငံသားစိစစ်မှုရှိပြီး ထိုင်းနိုင်ငံတွင် တရားစီရင်ရေးလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်သော လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၉ ဦးအား လွှဲပြောင်း လက်ခံခြင်းကို ထိုင်ငံနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ထိုင်းနိုင်ငံ၊လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဖွင့်ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြဝတီမြို့ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာမှ ဦးစီးအရာရှိ ဒေါ်ခင်နွယ်နွယ်ရီက အဖွင့်ကျေးဇူးတင်စကားပြောကြား သည်။
ယင်းနောက် လူကုန်ကူးခံရသူမြန်မာနိုင်ငံသားများ၏ ပစ္စည်းနှင့်ငွေကြေးများ၊ အချက်အလက်ဆိုင်ရာများအား နှစ်နိုင်ငံတာဝန်ရှိသူများက လွှဲပြောင်း လက်ခံရယူသည်။   
ထိုသို့ လွှဲပြောင်းပေးရာတွင် ထိုင်းနိုင်ငံ၊လုမှုဝန်ထမ်းဦးစီးဌာနမှ
  ဦးဆောင်သော တာဝန်ရှိသူများက လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံဘက်မှ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြဝတီမြို့ ယာယီလက်ခံစောင့် ရှောက်ရေးဂေဟာမှ ဦးစီးအရာရှိ ဒေါ်ခင်နွယ်နွယ်ရီ ဦးဆောင်ပြီး မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသီဟနိုင်၊ အမှတ်(၁)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးတပ်ဖွဲ့စိတ်(မြဝတီ)မှ ဒုရဲမှူး သက်ဇော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ မှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးသက်နိုင်မြ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဝင်း၊မြဝတီခရိုင်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်စန်းစန်းအေးနှင့်တာဝန်ရှိသူများကပြန်လည်ကြိုဆိုလက်ခံခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြဝတီမြို့၊ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ ခေါ်ဆောင်လာခဲ့ပြီး နေရပ်ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ လွှဲပြောင်းလက်ခံရာတွင် အမျိုးသား( ၅)ဦး၊ အမျိုး သမီး(၄)ဦး၊  စုစုပေါင်း ၉ ဦးတို့အား ပြန်လည်ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)