လှိုင်းဘွဲ ဇွန် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် (Grade-9)တွင် လူရည်ချွန်ရရှိခဲ့ကြသော အခြေခံပညာအထက်တန်းကျောင်း (လှိုင်းဘွဲ)မှ ကျောင်းသားတစ်ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း(ရွှေဂွန်း)မှ ကျောင်းသူတစ်ဦးတို့က လူရည်ချွန်အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်း ကျောင်း ပန်းဝတ်မှုံခန်းမဆောင်၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသိန်းဇော်တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာအလယ်တန်းအဆင့် (Grade-9)တွင် လူရည်ချွန်ရရှိခဲ့သော အ.ထ.က (လှိုင်းဘွဲ)မှ ကျောင်းသား မောင်ဟိန်းကျော်စွာ နှင့် အ.ထ.က(ရွှေဂွန်း)မှ ကျောင်းသူ နော်မိုးကဗျာမောင်တို့က လူရည်ချွန်မောင်မယ်များကို Grade-9၊ Grade-10၊ Grade-11 ဆိုပြီး အတန်း(၃)တန်းခွဲ၍ နှစ်စဉ် ဒီဇင်ဘာလများတွင် မြို့နယ်အဆင့်ရွေးချယ်ကြကြောင်း၊ တိုင်းနှင့်ပြည်နယ် စံညွှန်း၊ စံသတ်မှတ်ချက်များအတိုင်း မြန်မာစာအမှတ်(၁၀၀)၊ အင်္ဂလိပ်စာအမှတ်(၁၀၀)၊ အထွေထွေဗဟုသုတ အမှတ်(၁၀၀)၊ နှုတ်မေး၊ နှုတ်ဖြေအမှတ်(၄၀)၊ အားကစား(၆)မျိုးကို ယှဉ်ပြိုင်ရကြောင်း၊ ရွေးချယ်မှုအဆင့်ဆင့်တွင်ပါဝင်သည့် တာဝန်ရှိသူများက စနစ်တကျ ပွင့်လင်းမြင်သာအောင် သေချာစွာ စိစစ်ရွေးချယ် ကြကြောင်း ရှင်းပြသည်။
ဆက်လက်၍ ၎င်းတို့က လူရည်ချွန်တစ်ဦးဖြစ်ဖို့အတွက် စာပေပညာတစ်ခုတည်း တော်နေ၍မရပါကြောင်း၊ ငွေနဲ့ဝယ်၍မရသလို အာဏာနဲ့ လည်းရယူ၍မရကြောင်း၊ ဘက်စုံထူးချွန်အောင် ကြိုးစားကြရပါကြောင်း၊ မိမိကိုယ်တိုင် တက်တက်ကြွကြွ လုံ့လဝီရိယ အားစိုက်ထုတ်နိုင် ရသလို၊ မိဘတွေဘက်ကလည်းတတ်နိုင်သမျှ စွမ်းဆောင်ပေးခဲ့ကြရကြောင်း၊ ကျောင်းသား၊ မိဘ၊ ဆရာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြ မှသာ လူရည်ချွန်မောင်မယ်များကို မွေးထုတ်နိုင်မှာဖြစ်ကြောင်း ရှင်းပြခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကရင်ပြည်နယ် ကိုယ်စားပြု လူရည်ချွန်စုစုပေါင်း(၁၂)ဦးတွင် လှိုင်းဘွဲမြို့နယ်မှ အခြေခံပညာအလယ်တန်း အဆင့် (Grade-9)တွင် လူရည်ချွန်ကျောင်းသား(၁)ဦးနှင့် ကျောင်းသူ(၁)ဦး ပါဝင်ခဲ့ကြပြီး လူရည်ချွန်မောင်မယ်နှစ်ဦးတို့ကို ကျောင်းအုပ် ဆရာမကြီးများ၊ ဌာနဆိုင်ရာတာဝန်ခံများ၊မြို့မိ၊ မြို့ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုပန်းစည်းများနှင့် ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)