ဟိုင်းကြီးကျွန်း အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဦးဆောင်သည့် ဌာနဆိုင်ရာပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယမန်နေ့ နံနက်ပိုင်းက ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးဂိတ်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါပိုးပျံ့နှံ့မှု မြင့်တက်လျက်ရှိသကဲ့သို့ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးဆုံးဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း ရောဂါကူးဆက်မှု မြင့်တက်လျက် ရှိရာ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဖွင့်လှစ်ထားကြသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစစ်ဆေးဂိတ်များသို့ မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဌာနဆိုင်ရာပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသည့် မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ကံချိုင်ကျေးရွာအုပ်စုနှင့် ကျောက်ချောင်းကျေးရွာ အုပ်စုများသို့ သွားရောက်ကာ ပြည်သူများ နေအိမ်ပြင်ပသွားလာပါက နှာခေါင်းစည်းများ တပ်ဆင်သွားလာမှု ရှိ/မရှိ လှည့်လည်စစ်ဆေးခြင်း၊ စစ်ဆေးရေးဂိတ်များရှိ တာဝန်ရှိသူ များနှင့်တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခြင်း၊ ထောက်ပံ့လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)