ရှမ်းရွာသစ်မြို့၌ မိုးဦးကျကာလတွင် သဘာဝအလျောက်ထွက်ရှိသော ရာသီစာမှိုများရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ရှမ်းရွာသစ်   ဇွန်   ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဒေသနေပြည်သူအများစုသည် မိုးဦးကျကာလတွင် တောတောင်များနှင့် မိမိတို့၏နေအိမ်ခြံဝင်းများ၌ သဘာဝအလျောက်ထွက်ရှိသော ရာသီစာမှိုများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ဒေသနေပြည်သူအများစုသည် မိုးဦးကျကာလတွင် တောတောင်များအတွင်းရှိ မြေလွတ်မြေရိုင်းများ၊ ဉယျာဉ်ခြံမြေများနှင့် နေအိမ်ခြံဝင်းများတွင် သဘာဝအလျောက်ထွက်ရှိသော စားမှိုများကို အုပ်စုလိုက်လိုက် လံရှာဖွေကြပြီး ရရှိသည့်မှိုများအား မိသားစုစားရန်အနည်းငယ်ချန်ထား၍ ရပ်ကွက်များနှင့်ကျေးရွာများသို့ လိုက်လံရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း၊ မှိုအဖူး၊ အငုံ၊ အပွင့်အမျိုးအစားနှင့်အရွယ်အစား ပေါ်မူတည်၍ တစ်ပိဿာလျှင်ကျပ်(၅၀၀၀)မှ (၁၀၀၀၀)ကျပ်ထိဈေးနှုန်းသတ်မှတ်ပြီး ရောင်းချရကြောင်း၊ တစ်နှစ်လျှင်ရာသီစာမှို သုံးကြိမ်ခန့်ထွက်ရှိသဖြင့် မှိုထွက်ချိန်ရောက်လျှင် ဒေသနေပြည်သူများ ပုံစံအမျိုးမျိုး ဖြင့်ချက်ပြုတ်ပြီး နှစ်ခြိုက်စွာစားသုံးသဖြင့်  အပိုဝင်ငွေ ရရှိချိန်လည်းဖြစ်ကြောင်း ဒေသနေပြည်သူ တစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစု သည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများ တစ်ပိုင်တစ်နိုင်လုပ်ကိုင်သည့် အပြင် ရာသီစာဟင်းသီးဟင်းရွက်များရောင်းချသည့်လုပ်ငန်းကို မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်ဖက် တစ်လမ်းမှလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)