ဘောဂလိမြို့တွင် ဘွဲကရင်လူမျိုးများ၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သော ပိန်းပုတ်ခြောက်များ ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ဘောဂလိ   ဇွန် ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့သည် တောင်ပေါ်ဒေသဖြစ်၍ ဘွဲကရင်လူမျိုးအများစုနေထိုင်ကြရာ ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့်ဥယျာဉ်ခြံမြေလုပ်ငန်းများကို တစ်ပိုင်  တစ်နိုင်လုပ်ကိုင်ကြပြီး မိသားစုအပိုဝင်ငွေရရှိရေးအတွက် ရိုးရာအစားအစာတစ်မျိုး ဖြစ်သော ပိန်းပုတ်ခြောက်များ တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြခြင်းဖြင့် အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပိန်းပုတ်ခြောက်သည် တောတောင်ချောင်းကမ်းပါးများဘေးတွင် သဘာဝအလျှောက်ပေါက် ရောက်နေသော ပိန်းရွက်အရင့်များကိုခူးယူပြီး (၅)ရက်ခန့် အရွက်များဝါရန်စောင့်ရကြောင်း၊ ဝါနေသောအ ရွက်များပေါ်တွင် ရေနွေးငွေ့များရှိပါက ရေစင်အောင်ခါထုတ်ပြီး ဓားဖြင့်ပါးပါးလှီး၍ ကတွတ်ပင်အခြောက် ကိုမီးဖိုထဲပြာချပြီး အမှုန့်နှင့်ရော၍ ထောင်းပေးရကြောင်း၊ ထောင်းပြီးသော ပိန်းရွက်များကို ဝါးဆစ်ပိတ်ဘူး ထဲတွင်ထည့်၍ မီးဖုတ်ရကြောင်း၊ မီးဖုတ်ထားသောပိန်းရွက်များကို နေပူထဲတွင်(၅) ရက်ခန့်နေလှမ်းပေးသောအခါ ရိုးရာအစား အစာပိန်းပုတ်ခြောက်ရရှိလာကြောင်း၊ စားသုံးမည်ဆိုပါက ရေနွေးအနည်းငယ် ထည့်စိမ်၍ ဆုံထဲတွင်ထည့်ထောင်းပြီး ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်ကြောင်း သိရသည်။

ဒေသတွင်း ရိုးရာဒေသအစားအစာတစ်ခုဖြစ်သော ပိန်းပုတ်ခြောက်သည် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် တောင်ငူမြို့ရှိ လက်လီ၊ လက်ကားဒိုင်များသို့ သွားရောက်ရောင်းချကြောင်း၊ မြို့တွင်းတွင် ပိန်းပုတ်ခြောက်နို့ဆီဘူးတစ်ဘူးပါ တစ်ထုပ်လျှင် ကျပ်(၁၀၀၀)ဖြင့် ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မူးလားလာ(ပြန်/ဆက်)