ဟုမ္မလင်း ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံးမှ လာမည့် ဇွန်လ ၂၆ရက်နေ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေ့ဉီးစွာ ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်ကလူငယ်နှင့် ဆေးလိပ်အန္တရာယ်အကြောင်း ဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူ လူငယ်များအတွက် မူးယစ်ဆေးဝါးကို ဆေးလိပ်သောက်ခြင်းမှ စတင်တတ်ကြောင်း၊ ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများနှင့် ပန်းချီပြိုင်ပွဲကျင်းပပေးရခြင်း၏ရည်ရွယ်ချက်များပြောကြားသည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ်မူးယစ်တပ်ဖွဲ့စု ဒု-ရဲမှူးမြင့်အောင်က ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံ၊ မူးယစ်ဆေးဝါးအုပ်စု ၅ မျိုး၏ ဆင့်ကဲဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်သည် နိုင်ငံတစ်ခုချင်းစီ၏ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေနိုင်သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် လုံးဝအမြစ်ပြတ်သည်အထိ ဝိုင်းဝန်းတိုက်ဖျက်ကြရမည် ဖြစ်ကြောင်းတို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ယင်းနောက်မူလတန်း ထက်/ဆင့် ဟုမ္မလင်းမြို့ပေါ် မူလွန် အ.မ.က (၁)၊ အ.မ.က(၂)နှင့် အ.လ.က (၃)ကျောင်းတို့မှ ကျောင်းသား/သူ (၃၅)ဦးက ပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမဆုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဧဆက်ကလည်းကောင်း၊ ဒုတိယဆုကို ဟုမ္မလင်းမူးယစ်တပ်ဖွဲ့စုမှ ဒု-ရဲမှူး မြင့်အောင်က လည်းကောင်း၊ တတိယဆုကို မြို့နယ်အမျိုးသမီးရေးရာဉက္ကဋ္ဌ ဒေါ်ဒုံစေ့ကလည်းကောင်း နှစ်သိမ့်ဆု ၃ ဆုကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲကြောင်းသိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း နံရံကပ်စာစောင်၊ ဓာတ်ပုံများ၊ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ပိုစတာ၊ မှတ်တမ်းဓာတ်ပုံများ၊အသိပညာပေး စာအုပ်စာစောင်များအား ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုကြရာ မြို့နယ်ပြန်ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများမှရှင်းလင်းဆွေးနွေး ပြသခဲ့ကြောင်း သိရှိရပါသည်။
ဟုမ္မလင်း (ပြန်/ဆက်)