မင်းတုန်းမြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ပေးအပ်ပွဲပြုလုပ်

မင်းတုန်း အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီက လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)ပေးအပ်ပွဲ ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းနုနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးရဲလွင် တို့ကတောင်သူများအား ပေးအပ်ခဲ့ကြသည်။

အဆိုပါ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ပေးအပ်ရခြင်းနှင့်ပတ်သက်၍ မြို့နယ်ဦးစီးဌာနမှူး ဦးရဲလွင်က တောင်သူ များ မိမိလယ်ယာမြေကို မိမိပိုင်ဆိုင်၍ ပေါင်နှံခြင်း၊ ရောင်းချခြင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်တွင် အပေါင် ထား၍ စိုက်ပျိုးစရိတ်ချေးငွေရယူနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ် ပေးအပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တောင်သူတစ်ဦးမှ တောင်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး မြေယာနှင့် ပတ်သက်၍ သိရှိလိုသည်များကို ကျေးရွာနေတောင်သူများမှ မေးမြန်းကြရာ မြို့နယ်ဦးစီးဌာနမှူး ဦးရဲလွင်က ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ချင်းကလေး(NRDC)