ဝန်းသိုမြို့နယ် မယ်ဇလီကျေးရွာ၌ ပြည်သူ့စကားဝိုင်းကျင်းပ

ဝန်းသို ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ "ကျေးလက်ဒေသဖွံ့ဖြိုးရေး"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က မယ်ဇလီကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အမှာစကားပြောကြားပြီး မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခွင်ကြည်က ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးတင့်ဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ဦးဝင်းဗိုလ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လှိုင်ဝင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်းလတ်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးသူတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများအကြောင်းကို အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော ကျေးရွာပြည်သူများက မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် သိရှိလိုသည့်အကြောင်းအရာများကိုမေးမြန်းခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါပြည်သူ့စကားဝိုင်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မယ်ဇလီကျေးရွာအုပ်စုအတွင်းရှိ မယ်ဇလီကျေးရွာ၊ ကျွဲခြံကူးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ကနဖော့ကုန်းကျေးရွာတို့မှ ကျေးရွာပြည်သူများ အင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး တောင်သူစံပြဆုရရှိသော  ကျေးရွာ ပြည်သူတစ်ဦးကို တာဝန်ရှိသူများက ဆုငွေချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဝန်းသိုမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ ဒီမိုကရေစီခေတ်တွင် အစိုးရနှင့်ပြည်သူများအကြား ဆွေးနွေးတိုင်ပင်နိုင်ရန်၊ ပြည်သူများ၏ဘဝဖြတ်သန်းမှုအကြောင်းကိစ္စများဆွေးနွေးပြောကြားနိုင်သော အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ရန်၊ လူထု၏စဉ်းစား တွေးခေါ်မှုမြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်းလူကြီး လူငယ်မရွေး ပါဝင် ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားများကို မြို့ပေါ်နှင့် ကျေးရွာများတွင် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)