ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်ပြသ

ပခုက္ကူ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် အသိပညာ‌ပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ရုံးရှေ့ မြေစိုက်ဘုတ်‌တွင် ပြုလုပ်သည်။

အဆိုပါ မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနည်းအကြာင်းတို့ ပါဝင်သော အသိပညာပေးဆောင်းပါးနှင့်ကဗျာများ၊ ကာတွန်း ရုပ်ပုံများကိုပြသထားရာ  ဒေသခံပြည်သူများ စိတ်ဝင်တစားလာရောက်လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် အခြားနေ့ထူး နေ့မြတ်များအကြောင်းတို့ကို ပြည်သူလူထုနှင့်ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်ကြစေရန် ရည်ရွယ်၍ အသိပညာပေး(Talk Show)ပွဲအစီအစဉ်များ၊ ပြိုင်ပွဲများ, နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)