ကျွန်းစု ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ရေရရှိရေး လုပ်ငန်းများအတွက် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအား (Shopping Method) စနစ်ဖြင့် ဈေးနှုန်းနှိုင်းယှဉ်ပစ္စည်းဝယ်ယူခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေး/လက်ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးမိုးဇော် က တင်ဒါစနစ်နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက် မြို့နယ် ကျေး/လက်ဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်နှင်းသက်သက်ဝေက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် ရေရရှိရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ ရေရရှိရေးလုပ်ငန်းများအတွက် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအား Green Asia Myanmar၊ Thein Htike San၊ Annwar Shwe Kyun၊ ပြည့်ဖြိုးလျှံ ကုမ္ပဏီများမှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် ဈေးနှုန်း အဆိုပြုလွှာစာအိတ်များ တင်သွင်းခဲ့ကြရာ ဈေးနှုန်းအနည်းဆုံး တင်သွင်းသူထံမှ (Shopping Method)စနစ်ဖြင့် ပစ္စည်းဝယ်ယူ ရယူခဲ့သည်။
ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ရေပြည့်အော်ကျေးရွာ၌ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း (၁/၀) မိုင်၊ မစမ်းပါးကျေးရွာ၌ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း (၁/၀)မိုင်၊ ပသုတ်ကျွန်းကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်း(အလျား ပေ(၁၀၀)၊ အနံ ပေ(၁၀၀)၊ အမြင့်(၆)ပေ)၊ စုစုပေါင်း လုပ်ငန်း(၃)ခုအတွက် (Shopping Method) စနစ်ဖြင့် ဈေးနှုန်းနှိုင်းယှဉ်၍ ဈေးနှုန်းအနည်းဆုံး တင်သွင်းသူထံမှ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများအား ဝယ်ယူခြင်းဖြစ်ကြောင်း မြို့နယ်ကျေး/လက်ဦးစီးဌာနမှ သိရသည်။
ထက်မြင့်(ကျွန်းစု)