လပွတ္တာ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် အရှိန်အဟုန်မပျက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်းအဖွဲ့က မြို့ပြသန့်ရှင်း သာယာရေးနှင့် စိမ်းလန်းစိုပြည်ရေး ပန်းအလှပင်များ စိုက်ပျိုးနိုင်ရန် လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပျိုးဥယျာဉ်ခြံ၌ ပျိုးပင်များ ပျိုးထောင်ခြင်းလုပ်ငန်း ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းအလှပင်များ ပျိုးထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်လေးမြမြဦး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်း အဖွဲ့က ပျိုးဥယျာဉ်ခြံတွင် ရွက်လှ၊ ဗိုလ်ကတော်၊ သပြေဘူတ၊ မယ်ဇလီ၊ ခရေ၊ ရေတမာ၊ စိန်တံခြူ၊ ကြံ့စာပင်၊ ဆူးမွေးကြားပင် အစရှိသည့် ပန်းအလှပင်များ ပျိုးထောင်ထားရှိရေး အတွက် သဲနုန်း၊ ဖွဲပြာနှင့် မြေဆွေးများထည့်၍ ပျိုးပင်အိတ်များ ပြုလုပ်ကာ ကြေးနီရွက်လှ ပန်းပင် ၂၅၂ ပင်နှင့် ဗိုလ်ကတော်ပန်းပင် ၂၉၁ ပင်တို့ကို စနစ်တကျ ပြုစုပျိုးထောင်ခြင်း၊ ပြည်သူများ အပန်းဖြေရာ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ ပန်းအလှပင်များ ရေဖျန်းခြင်း၊ အလှ ပုံဖော်ခြင်း၊ မြေယာမြက်ခင်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပြသန့်ရှင်း သာယာရေးအတွက် အမှိုက်သိမ်းယာဉ်ဖြင့် မြို့တွင်းလမ်းများနှင့် မြို့ပတ်လမ်းတစ်လျှောက်ရှိ အမှိုက်သရိုက်များကို စုပေါင်းသန့်ရှင်းပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် လပွတ္တာမြို့အား မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် မြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများ ကင်းဝေးပြီး စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ပြုလုပ် ဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် ဒေသခံပြည်သူများ အားလပ်ချိန်၌ စိတ်အပန်းဖြေနိုင်ရန် အတွက် စီစဉ်ထားရှိသော ဗိုလ်ချုပ်ပန်းခြံအား စဉ်ဆက်မပြတ် သန့်ရှင်းသာယာ လှပစေရေး နေ့စဉ်စုပေါင်းသန့်ရှင်းရေးနှင့် ပန်းအလှပင်များ ပျိုးထောင်ခြင်း၊ လိုအပ်သည့် နေရာများအား ပန်းအလှပင်များ စိုက်ပျိုးခြင်းတို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်လေးမြမြဦးထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)