ပေါက်ခေါင်းမြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြုလုပ်

ပေါက်ခေါင်း ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးကျော်ကျော်ထွန်းက ကုန်ညွှန်းအမှတ်အသားအကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ အစားအစာများဝယ်ယူစားသုံးရာတွင် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ လိပ်စာပါ/ မပါနှင့် ဓာတုဆိုးဆေးများအကြောင်းနှင့် စားသုံးရန်မသင့်သည့် အစားအစာများကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ ဆက်)