အုတ်တွင်း ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.လ.က (ခွဲ) စျေးကျောင်းနှင့် မွန်းလွဲပိုင်းအချိန်က အ.လ.က (ခွဲ) ကြက်သွန်ခင်း (၂) ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းနှင့် လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်ခင်ခင်မာမှ ကလေးငယ်များအား စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများကိုယ်ကာယ၊ ဥာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေးရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီး၊ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ကာ ကလေးငယ်များအား စာဖတ်သည့်အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှုကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)