သံတောင်ကြီး ဇွန် ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အပူအအေးမျှတသောဒေသဖြစ် သည့်အားလျော်စွာ နာနတ်သီးများကိုစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ နာနတ်သီးများသည် နေရာဒေသမြေကြီး အမျိုးအစားမရွေးစိုက်ပျိုးနိုင်သည်။ ယခုအချိန်တွင် နာနတ်သီးများ စတင်ရင့်မှည့်လာပြီးစားသုံးရာ သင့်လျော်ပြီဖြစ်သောကြောင့် ဒေသခံပြည်သူများမှာ သွားရောက်ခူးယူပြီး ပြန်လည်ရောင်းချရာတွင် ဈေးကောင်းရရှိလျက် ရှိကြောင်း သိရသည်။
အဆိုပါ ဒေသခံပြည်သူများသည် နာနတ်သီးများကို နာနတ်ဝိုင်ပြုလုပ်ရာတွင်လည်းကောင်း၊ နာနတ်ယိုပြုလုပ်ရာတွင်လည်းကောင်း၊ ဖျော်ရည်သောက်သုံးရာတွင် လည်းကောင်း အသုံးပြုလျက်ရှိသည်။
နာနတ်သီးများကို သံတောင်ကြီးမြို့နှင့် တောင်ငူမြို့ရှိ အသီးအနှံရောင်းဝယ်သူအဝယ်ဒိုင်များထံတွင် သွားရောက်ရောင်းချရာတွင် အရွယ်အစားပေါ်မူတည်၍ နာနတ်သီးအသေးတစ်လုံးကို ကျပ်(၅၀၀)မှကျပ်(၆၀၀) နာနတ်သီးအကြီးတစ်လုံးကို ကျပ်(၇၀၀)မှ (၉၀၀) ထိရရှိကာ ဈေးကောင်းရရှိပြီး အဆင်ပြေလျက် ရှိကြောင်းသိရသည်။
နော်နော်မူ