လှိုင်းဘွဲ အောက်တိုဘာ ၉
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှစတင်၍ လှိုင်းဘွဲမြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာပေးလျက် ရှိရာ မဲဆန္ဒရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကပ်ထားကြေညာပေးမှာဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းများအား ကပ်ထားကြေညာပေးသည့် (၁၄) ရက် အတွင်း လာရောက်ကြည့်ရှု၍ နောက်ဆုံးအကြိမ် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ကန့်ကွက်ခြင်းများကို ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် မဲရုံ(၁၇၆)ရုံ ထားရှိသွားမည်ဖြစ်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၂၃၆၆၀၀) ဦးခန့်ရှိကြောင်းကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)