လှိုင်းဘွဲမြို့တွင် e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ လက်ကမ်းစာစောင်များ ဖြန့်ဝေ

လှိုင်းဘွဲ   ဇွန်   ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက လူစည်ကားရာစျေးဝန်းကျင်နှင့် လမ်းဆုံများတွင် “e-ID စနစ် ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့” လက်ကမ်းစာစောင်များကို ပြည်သူများအား ယနေ့နံနက် ၈ နာရီ အချိန်က ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ ထုတ်ဝေသည့် “e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့” လက်ကမ်းစာစောင်တွင် UID (Unique Identity) နံပါတ်ဆိုသည်မှာ ကွန်ပျူတာမှ မတူညီသည့် ဂဏန်း ၁၀ လုံးအား ထုတ်ပေးသည့် နံပါတ်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ နိုင်ငံအတွင်း အသက်(၁၀)နှစ် နှင့် အထက်ရှိသူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ရသူ(PR)၊ ပြည်တွင်းအမြဲနေ အခွန်ဆောင်နိုင်ငံခြားသားများအပါအဝင် နိုင်ငံအတွင်းနေထိုင်သူအားလုံးကို UID နံပါတ်ထုတ်ပေးမည်ဖြစ်သည်။

UID နံပါတ်ကိုင်ဆောင်သူများအနက် နိုင်ငံသားများနှင့် နိုင်ငံသားဖြစ်ရန် အရည်အချင်းရှိသူများအား National ID(NID) Smart Card ထုတ်ပေးခြင်းကို နောက်တစ်ဆင့်အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ UID နံပါတ် ထုတ်ပေးခြင်း၊ e-Government Application များနှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့်စနစ်၏ အကျိုးကျေးဇူးများ၊ e-ID စနစ်အကြောင်းနှင့် e-ID စနစ်၏ အဓိကရည်ရွယ်ချက်၊ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့် (၅)ဆင့် နှင့် အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုမည့် စက်ပစ္စည်းများ၏ ပုံစံများကို ဖေါ်ပြပေးထားကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)