ရွှေတောင် ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျောင်းသား/ ကျောင်းသူ (၂၅) ဦးက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ဆုရကျောင်းသား၊ကျောင်းသူများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေး၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တာဝန်ခံဆရာမများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့်လစဥ်လတိုင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ပြိုင်ပွဲများအပြင်အသိပညာပေး (Talk Show) များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)