သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သရက်ချောင်း   ဇွန်   ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော (၂၀၂၃–၂၀၂၄)ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်နှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြဆရာမနှင့် သင်တန်းသူ(၁၅)ဦးတက်ရောက်ကာ အဆိုပါအခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက မိမိမြို့နယ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ၊ မြစိမ်းရောင်စီမံကိန်းများ ဆောင်ရွက်ပေးသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းသူများအား တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းမှ ရရှိသည့်ပညာများဖြင့် မိသားစုစားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအဖြစ် လုပ်ကိုင်စေလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားရုတ်သိမ်းခဲ့ပြီးနောက် တာဝန်ရှိသူများက သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူ ပစ္စည်းများနှင့် အပ်ချုပ်စက်များအား လိုက်လံကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဇွန်လ ၁၅ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့ထိ (၂)လတိုင်တိုင် မနက် ၈ နာရီမှ ညနေ ၄ နာရီထိ သင်တန်းသူ (၁၅)ဦးတို့နှင့် စာတွေ့/လက်တွေ့နည်းများဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)