သဲကုန်း ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သဲကုန်းမြို့ပေါ် ရပ်ကွက်များ၊မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအားကျန်းမာရေး အသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ဆေးတိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနအနေဖြင့် အသက်(၁)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်ပေးအသက်နှစ်နှစ်အောက် ကလေးငယ်များအား အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင် ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်အပိုင်း အခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးပေးခြင်း၊ ဂျပန်ဦးနှောက်ရောင်၊ ဂျိုက်သိုး အစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေ ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက် ပေးကြောင်း သိရသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများကို သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲ ဝန်ထမ်းများက အလားတူ ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကျော်(ပြန်/ ဆက်)