မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဇလွန် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် လမ်းမတော်တောင်ရပ်ကွက် ဒိုက်အင်းကျေးရွာ တောင်သူ ဦးလှရွှေ၏ လယ်မြေ (၇) ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိုးပြုအနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွားစေခြင်း၊ ဓာတ်မြေသြဇာ သုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိ ပေးသည့် အကျိုးကျေးဇူးများရရှိစေခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူမှုအားကောင်းသဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ကို လျော့ချနိုင်ပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲ မှုကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ကြောင်း ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးခြင်း အကျိုးကျေးဇူးများကို မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက တောင်သူများအား အသိပညာပေးပြောကြားခဲ့ပြီး Kubota -47 နောက်တွဲကိရိယာ Rotavator ဖြင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြခဲ့သည်။

အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသော်ဇင်မောင်၊ ဟင်္သာတခရိုင် စက်မှုလက်ယာဦးစီးဌာနမှူး ဦးအောင်ကျော်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင် များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ဝေယံ-ဇလွန် (ပြန်/ဆက်)