မကွေး ဇွန် ၁၅
မကွေးတိုင်းဒေသကြီးမှ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိခဲ့သည့် ပြိုင်ပွဲဝင်အားကစားသမားများနှင့် နည်းပြတို့အား တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး အားကစားအောင်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်များ၊ အားကစားဆပ်ကော်မတီအသီးသီးမှ ကော်မတီအဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များ၊ နိုင်ငံဂုဏ်နှင့် တိုင်းဒေသကြီး ဂုဏ်ဆောင် ဆုရအားကစား သမားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြု ချီးမြှင့်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တာနဲ့အညီ ဒီနေ့ဟာလည်း နိုင်ငံဂုဏ်ကို အရှေ့တောင်အာရှမှာ အားကစားဖြင့် မြှင့်တင်ပေးခဲ့ကြတဲ့ နိုင်ငံဂုဏ်ဆောင် မကွေးတိုင်းဒေသခံနိုင်ငံ့ လက်ရွေးစင် အားကစားသမားတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုလိုဂုဏ်ပြုပွဲ အခမ်းအနား ထပ်ဆင့်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အားကစားဆိုတာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်နှလုံးကို ဆွဲဆောင် သိမ်းသွင်းနိုင်ခြင်း၊ အမျိုးဂုဏ် ဇာတိဂုဏ်နဲ့ နိုင်ငံ့ဂုဏ်ကိုဆောင်ကာ အမျိုးသားရေး စိတ်ဓာတ်တွေ ပိုမိုခိုင်မာ ထက်သန်လာစေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်ခိုင်မာတဲ့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ မိမိတို့နိုင်ငံရဲ့ အားကစားအဆင့်အတန်းကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိနေကြပါကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဟာ အရှေ့တောင်အာရှ ဒေသအတွင်း ဂုဏ်သိက္ခာအမြင့်ဆုံး အားကစားပြိုင်ပွဲဖြစ်ပြီး အာဆီယံနိုင်ငံများ၏ အားကစား အဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲလည်း ဖြစ်ပါကြောင်း၊ ဒီလိုပြိုင်ပွဲကြီးမှာ အမိမြန်မာ နိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်ပေးကြတဲ့ မကွေးတိုင်းဒေသကြီးမှ အားကစားသမားများနဲ့ နည်းပြများအားလုံး ကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ နိုင်ငံ့ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ မကွေးတိုင်းဒေသကြီးမှ နည်းပြ (၁)ဦးနဲ့ အားကစားသမား(၁၀)ဦးတို့က ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၈)ခု၊ ကြေးတံဆိပ်(၁၁)ခု စုစုပေါင်း ဆုတံဆိပ်(၂၂)ခုရရှိအောင် နိုင်ငံအတွက် စွမ်းဆောင်ပေးသည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဂုဏ်ပြုပါကြောင်း ထပ်မံ ပြောကြားလိုကြောင်း၊ ယခုလို နိုင်ငံတော်နဲ့ ပြည်သူလူထုအပါအဝင် ပံ့ပိုးကူညီကြသူများရဲ့ အားပေးချီးမြှောက်မှုများအပေါ် တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြတဲ့ အားကစားသမားနဲ့ နည်းပြများ အနေနဲ့ မိမိတို့ရဲ့ ဇွဲလုံ့လ ဝီရိယ ကြိုးပမ်းအားထုတ်လေ့ကျင့်မှု စည်းကမ်းလိုက်နာမှု အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်များနဲ့ ပေါင်းစပ်ပြီး နောင်လာမည့် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ ယခုထက် ပိုမိုအောင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း စသည်ဖြင့် ဂုဏ်ပြုအမှာစကား ပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က ဂုဏ်ပြုပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်အောင်မြင်မှုများရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့အား ဂုဏ်ပြုဗွီဒီယို ပြသကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် အောင်ပွဲရ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများ နိုင်ငံတော်အဆင့် ဂုဏ်ပြုပွဲ ကို ဇွန်လ(၁) ရက်နေ့ကပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်၍ ဂုဏ်ပြုပေးခြင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြု ပေးခြင်းအပေါ် ပိုက်ကျော်ခြင်း အားကစားဖြင့် ရွှေ(၁)၊ ငွေ(၁)၊ ကြေး(၁) ဆုရရှိသူ အားကစားသမား မောင်ဇင်ကိုကိုက ကျေးဇူးတင်စကားပြောကြားကာ၊ တက်ရောက်လာသူများအား စားသောက်ဖွယ်ရာ လ္ဘက်ရည်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအနေဖြင့် လက်ရွေးစင်အားကစားသမားများ မသွားရောက်မီ တစ်ဦးလျှင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၁)သိန်းနှင့် အားကာမှ(၁)သိန်း စုစုပေါင်း(၂)သိန်း ကျပ်စီဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ယနေ့ဂုဏ်ပြုပွဲတွင် ဆုရရှိသူများအား တစ်ဦးချင်း/ အသင်းလိုက် မခွဲခြားပဲ ရွှေတံဆိပ် တစ်ခုလျှင်(၁၀)သိန်း၊ ငွေ(၇)သိန်း၊ ကြေး(၅)သိန်းနှင့် အုပ်ချုပ်သူနည်းပြ တစ်ဦးလျှင်(၅)သိန်း နှုန်းစီဖြင့် ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၈)ခု၊ ကြေးတံဆိပ်(၁၁)ခု စုစုပေါင်း ဆုတံဆိပ်(၂၂)ခုနှင့် နည်းပြ(၁)ဦး တို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အတူ ဂုဏ်ပြုဆုကြေးငွေ စုစုပေါင်းငွေကျပ်(၁၄၆)သိန်းတို့ကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ