လိပ်သို ဇွန် ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ကျောင်းသူများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ကြောင်း သိရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါ ရရှိ၍ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စာပေကို ချစ်မြတ်နိုးစေရန်၊ လူအများနှင့် ပြောဆိုရာတွင် ပြောရဲသည့် အလေ့အကျင့်များ ရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပုံပြင်ပြော ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား မောင်ကျော်ဇင်ခန့်က “ အားလုံးအတူ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသူ မဇူးဇူးလှိုင်က “ စာပြန်ပွဲနဲ့ လနယုန် ” ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့ဦးစီးမှူးက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အဟာရမုန့်များ ဝေငှ ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)