ဒေးဒရဲမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြှပ်ထည့်သွင်းခြင်း ဆောင်ရွက်

ဒေးဒရဲ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) ထည့်သွင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁)နာရီက ချောင်းဖျားကျေးရွာအုပ်စု ကွင်းအမှတ် (၂၅၂)၊ မြို့မအရှေ့ကွင်းရှိ တောင်သူဦးဝင်းမြင့်အောင်၏ လယ်မြေ(၁၅) ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်စိမ်းမြေသြဇာ ထည့်သွင်းဆောင်ရွက်ခြင်းကို မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး​ဦးစီးဌာနမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကျေးရွာအုပ်စု (၂၉)အုပ်စုရှိ လယ်မြေ (၂၉၅၀) ဧကတွင် သစ်စိမ်းမြေသြဇာ ထည့်သွင်းဆောင်ရွက်လျက်ရှိရာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမြေများတွင် ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်ပြီး လယ်မြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နှင်းနိုင်ကြောင်းနှင့် မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကို ရှင်သန်တိုးပွားစေကြောင်း သိရပြီး သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်းဖြင့် တစ်ဧကလျှင် ပုလဲဓာတ်မြေသြဇာ (၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များရရှိနိုင်ကာ မြေဆီလွှာအချဥ်ဓာတ်ကို ထိန်းညှိပေးနိုင်ကြောင်း သိရသည်။

အေဇာလင်း