ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး ဟောပြောနှင့် နံရံကပ်စာစောင် ပြသ

ကလိန်အောင်  ဇွန်  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ (Community  Centre)ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁) နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး( တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ကျောင်းသား/ကျောင်းသူများအား မိုးရာသီတွင် ဖြစ်ပွားတက်‌သော သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မဖြစ်ပွားမီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှပ်၊ ရှင်း၊ မှုတ်စကားလုံး အရှည်ကောက်၏အဓိပ္ပါယ်များကို ရှင်းလင်းခြင်း၊ ရေကန်၊ ရေစည်၊ ရေပုံး၊ ရေအိုးစသည်များတွင် အဘိတ်ဆေး ခတ်ရခြင်း၊မိမိတို့ မိသားစုဝင်များ အပြင် အိမ်နီးချင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံး ပြသ၍ ကုသမှုခံယူရန် ရှင်းလင်းပြောကြားကာ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်း ခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေး/ဆင်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ပိုးလောက်လန်းနှိမ်နင်းရေး အသိပညာပေး နံရံကပ်ကိုပြသရာ ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)