ပိုင်ကျုံ ဇွန် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော အထက်ပိုင်ကျုံလမ်းမ ကြီးအား ဧပြီလအတွင်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်းကြောင့် ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် အောင်မင်္ဂလာလမ်းကို ယာယီလမ်းလွှဲအဖြင့် အသုံးပြုဖြတ်သန်းသွားလာခဲ့ရသည်။
ယခုအခါ မိုးရွာသွန်းမှုကြောင့် ပျက်စီးနေသော ယာယီလမ်းလမ်းလွှဲအား အများပြည်သူများ အဆင်ပြေစွာ အသုံးပြုဖြတ်သန်းသွားလာနိုင်စေရေးအတွက် ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ရပ်ကွက်သူ/ သားများတို့မှ စုပေါင်း၍ ကိုယ်ထူကိုယ်ထဖြင့် ကျောက်သားများနှင့် ပြုပြင်ဖာထေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကြောင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများအနေဖြင့် အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး လမ်းများပြုပြင်ဆောင်ရွက်ခြင်း ကြောင့် ကုသိုလ်များလည်း ရရှိပါကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
နော်ခူး(ပြန်/ဆက်)