အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်   ပြပွဲများပြုလုပ်

ဖြူး ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ ကျောင်းသူများနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား  မူးယစ်ဆေးဝါး ဆိုးကျိုးများနှင့် အန္တရာယ်ရှိပုံကို  အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက်    အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲကို ကျင်းပရာဖြူးမြို့ပေါ်ရှိ မြို့မ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ G-7ကျောင်းသား/ ကျောင်းသူ(၂၅)ဦး ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော  ကျောင်းသား/ ကျောင်းသူများက ဖြူးမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်/ စာစောင်များကို လေ့လာဖတ်မှတ်ကြည့်ရှုခဲ့ကြပြီး  မူးယစ်အန္တရာယ်တားဆီးကာကွယ်၊ မူးယစ်ဆေးဝါးအမျိုးမျိုးအကြောင်း  အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ ဆက်)