တမူးမြို့နယ်၌ မိုးဦးကာလတွင် သဘာဝအလျောက်ထွက်ရှိသော အင်ဥ(မှိုလုံး)များ ရှာဖွေ ရောင်းချခြင်းဖြင့်မိသားစု အပိုဝင်ငွေရရှိ

တမူး ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်းနှင့် တွဲဖက်ပြီး  မိုးဦးကာလတွင် သဘာဝအလျောက် ထွက်ရှိသော အင်ဥ ဒေသအခေါ် (မှိုလုံး) များ ရှာဖွေရောင်းချခြင်းဖြင့် ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ အင်ဥ(မှိုလုံး)များသည် မိုးဦးကာလ ဇွန်လဆန်းပိုင်းတွင် စတင်ထွက်ရှိ၍ အင်ဥများ ထွက်ရှိချိန်တွင် ဒေသခံများသည် တောတောင်များသို့ သွားရောက် ရှာဖွေပြီး ကျေးရွာ၊ ရပ်ကွက်များနှင့် စျေးများတွင် ရောင်းချကြကြောင်း အစောပိုင်းထွက်ရှိသော အင်ဥများသည် လတ်ဆတ် ပြီး အရသာကောင်းမွန်သောကြောင့် ဒေသခံများနှင့် ခရီးသွားပြည်သူများက နှစ်ခြိုက်စွာ ဝယ်ယူ စားသုံးကြ​ပြီး အင်ဥနို့ဆီဘူး တစ်ဘူးကို ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်ဝန်းကျင် ရောင်းချရကြောင်း စားသုံးသူများစွာ ကြိုက်နှစ်သက်သောကြောင့် အင်ဥရှာဖွေရောင်းချသူများ အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိကြောင်း အင်ဥရောင်းချ သူများထံမှ သိရသည်။

ရတနာ