ငွေဆောင်မြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များမှ မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်

ငွေဆောင် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များမှ ငွေဆောင်မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ရှင်းလင်းမှု အား ယနေ့ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသက်မင်းဦး၏ ဦးဆောင်မှုဖြင့် စည်ပင်သာယာရေးရုံးဝန်ထမ်းများမှ မိုးရာသီအတွင်း မိုးရွာသွန်းမှု များပြားလာသဖြင့် လမ်းပေါ်သို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်ခြင်း၊ ရေစီးဆင်းမှုမရှိလျှင် ရေအိုင်များမှ တစ်ဆင့် ခြင်ပေါက်ဖွားမှုရှိနိုင်ခြင်းတို့ကြောင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် အမှတ်(၂) ရပ်ကွက်နှင့် (၃)ရပ်ကွက်ကြားရှိ ပင်မရေနုတ်မြောင်းမကြီးအား တူးဖော်ရှင်းလင်းမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြောင်းပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြောင်းအတွင်းရှိ အမှိုက်သရိုက်များအား ဖယ်ထုတ်ခြင်း၊ မြေတူးစက်ဖြင့် မြောင်းဖော်ခြင်းဖြင့် ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

R – 014(ငွေဆောင်)