တမူး ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ဇွန်လ (၁၅)ရက်နေ့ နံနက် (၈)နာရီအချိန်က အေးချမ်းဝေစည် ဘုန်းတော်ကြီးကျောင်းတိုက် ဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တမူးခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦးနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများက ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများထံ စိုက်ပျိုးမည့် ပျိုးပင်များပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား(၂၀၀)ဦးတို့က သတ်မှတ်နေရာအသီးသီးတို့၌ ကျွန်း(၂၅၀)ပင်၊ ပျဥ်းကတိုး(၂၅၀)ပင်၊ မျောက်ငို(၁၀၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း (၆၀၀)ပင်တို့ကို စနစ်တကျ စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။
တမူးခရိုင် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီ၌ သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး အပူဒဏ် အန္တရာယ် လျော့နည်းစေရန်နှင့် သစ်တောများပြုန်းတီးမှုကြောင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်စေရန်အတွက် ကျွန်း၊ ပျဥ်းကတိုး၊ မျောက်ငိုနှင့် ဝါးပျိုးပင်များကို သစ်တောဦးစီးဌာန ပျိုးဥယျာဥ်ခြံ၌ စနစ်တကျပြုစု ပျိုးထောင်ထားပြီး ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးနိုင်ရန် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ