နတ်မောက် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဒေသတွင်းဝမ်းစာဖူလုံရေး၊ ဆီထွက်သီးနှံပိုမို တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးစသည့် စိုက်ပျိုးရေးကဏ္ဍလုပ်ငန်းများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးရွာအုပ်စု(၁၃)အုပ်စုတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ နတ်မောက်မြို့နယ်တွင် ဒေသတစ်ခုနှင့်တစ်ခု၊ ကျေးရွာတစ်ရွာနှင့် တစ်ရွာတို့တွင် ပထဝီအနေအထားအရ မြေအမျိုးအစားမတူညီကြသည့်အလျောက် ဒေသမြေအမျိုးအစားနှင့် ကိုက်ညီသင့်တော်မည့် သီးနှံအမျိုးအစားများကို ရွေးချယ်စိုက်ပျိုးစေလျက်ရှိကြောင်း၊ မိုးစပါးဖြစ်ထွန်းနိုင်သည့် ဒေသများတွင် အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း၊ ပိုးမွှားရောဂါ ဒဏ်ခံနိုင်စွမ်းရှိသော မိုးစပါးမျိုးစေ့ထုတ်ခြင်းလုပ်ငန်း၊ ဒေသနှင့်ကိုက်ညီသည့် နေကြာမျိုးစေ့ ထုတ်လုပ်ငန်း၊ စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ချည်မျှင်ရှည်ဝါအထွက်နှုန်း တိုးတက်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၃)အုပ်စု တောင်သူ (၆၈၆)ဦးဖြင့် ဆောင်ရွက်ပြီး တွေ့ဆုံဆွေးနွေးပညာပေးလျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီများ၊ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောသည်။
မူမူစန်း