ကြံခင်း ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် အခြားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများအား လုပ်ငန်းရှင်များထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများ ကြီးကြပ်အကောင်အထည်ဖော်ရေး မြို့နယ်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်ကဒေသတွင်းရှိ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများနှင့် အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်၊ ရန်ပုံငွေများဆုံးရှုံးမှုမရှိစေရေး၊ စီမံကိန်းရန်ပုံငွေချေးယူခြင်း စည်းကမ်းချက်များအား ကြီးကြပ်ရေးကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ကြံခင်းမြို့နယ်တွင် နိုင်ငံစီပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေးကဏ္ဍအတွက် လုပ်ငန်းရှင်အစုအဖွဲ့ (၃) ဦးအား ငွေကျပ်သန်း (၃၀) ၊ မွေးမြူရေးကဏ္ဍအတွက် လုပ်ငန်းရှင် အစုအဖွဲ့ (၃) ဦးအား ငွေကျပ် (၁၆၅) သန်း၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် လုပ်ငန်းရှင်အစုအဖွဲ့ (၃) ဦးအား ငွေကျပ်သန်း(၈၀)၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင် အစုအဖွဲ့ (၄)ဖွဲ့အား ငွေကျပ် (၂၅)သန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများ ကြီးကြပ်အကောင်အထည်ဖော်ရေး မြို့နယ်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်နှင့် ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများနှင့် အသေးစားလုပ်ငန်းရှင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)