ကန်ကြီးထောင့်မြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမှန်ကန်စွာ ရောင်းချနေမှု ရှိ/မရှိ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမှန်ကန်စွာရောင်းချနေမှု ရှိ/မရှိကို မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြင့်‌အောင် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့ နံနက် ၈ နာရီ ၃၀ အချိန်ခန့်တွင် ကန်ကြီးထောင့် မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ကမ်းနားလမ်းရှိ၊ မြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြင့်‌အောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ စျေး၌အသား၊ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား နိုင်ငံတော်မှ ချမှတ်ထားသော ကုန်စျေးနှုန်းထက်မြင့်မားစွာ ရောင်းချနေခြင်းရှိ/မရှိနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ အစရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းမှန်ကန်စွာရောင်းချ နေခြင်း ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး စျေးရောင်း၊ စျေးဝယ်နေကြသော ပြည်သူများအနေဖြင့် အသားငါးများနှင့် ဟင်းသီးဟင်းရွက်များ၊ အသုံးဆောင် ပစ္စည်းများအား အရောင်း၊ အဝယ်ပြုလုပ်ရာတွင် ပလတ်စတစ်အိတ်များ သုံးစွဲမည့် အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ ဗာဒံရွက်၊ စက္ကူများ စသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲကြရန်နှင့် ပလတ်စတစ်အိတ်များကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများအား အသိပညာပေးပြော ကြားခဲ့ကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)