လေးမျက်နှာ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ညောင်ဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်း၌ တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြု လျက်ရှိသော စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရာတွင် မိမိတို့သင်တန်းသားများသည် အခြေခံတက်မြောက်ထားပြီဖြစ်၍ လုပ်ငန်းများ ပိုမိုချဲ့ထွင်လုပ်ကိုင်စေလို ကြောင်း၊ သင်တန်းပြီးမြောက်အောင် သင်ကြားပေးသော စက်မှုလယ်ယာဦးစီးဌာနမှ သင်တန်းဆရာဦးမင်းရွှေနှင့် စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသော သင်တန်းသားများအား ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများကိုလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ကြစေရန် ရည်ရွယ်၍ လေးမျက်နှာမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ပေးခဲ့ရာ အဆိုပါ သင်တန်းသို့ ကျေးရွာများမှ စိတ်ပါ ဝင်စားသူ သင်တန်းသား(၃၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းဆရာဦးမင်းရွှေမှ မေလ (၁၅)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ တစ်လကြာစာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။
လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)