အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ

မအူပင် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

ရှေ့ဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက အမျိုးသမီးများအားခွဲခြားဆက်ဆံမှု မရှိစေရေး၊ ကျား မ တန်းတူညီမျှမှုကို အထောက်အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ လူဦးရေတွင် လည်း အများစုသည် အမျိုးသမီးများဖြစ်ကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွား ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် တရားမျှတမှု တောင်းဆိုရာတွင် ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများပင်ဖြစ်ကြောင်းနှင့် အိမ်တွင်းအကြမ်းဖက် ခံရမှုများ ပိုမိုမြင့်တက်လာခြင်းမှာ စားဝတ်နေရေး ခက်ခဲလာခြင်း၊ အလုပ်အကိုင်များအဆင်ပြေခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ပင်ပန်းမှုများ မြင့်တက်လာပြီး စိတ်အလိုမကျမှု ဖြစ်ခြင်းများကြောင့် အိမ်တွင်းအကြမ်းဖက်မှုများ ပိုမိုများလာခြင်းဖြစ်ကြောင်း စသည့်အကြောင်းအရာများအား ရုပ်သံကျွမ်းကျင်-၃ ဒေါ်မြတ်သန္တာအောင်နှင့်အတူ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show) အား အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မအူပင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် We Love Maubin Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)